ဆောင်းပါးများ....

လူမှုရေး..စီးပွားရေး..ပညာရေးစတဲ့နယ်ပယ်အသီးသီးအတွက်စာပေလောကမှ ဆောင်းပါး၊ပညာပေး တို့ကိုသူငယ်ချင်းတွေဆီကို ဖြန့်ဝေပေးနိုင်အောင် ကြိုးစားထားတဲ့ နေရာလေးပါ......

19.7.09

မတော်သော်လည်းမရှော်တဲ့တပည့်တွေ......



ယခုတလောစာမေးပွဲတွေထပ်လို့နေသည်။ တတိယနှစ် စာမေးပွဲ၊ နောက်ဆုံးနှစ် စာမေးပွဲ၊ ဆေးပညာ မဟာသိပ္ပံ စာမေးပွဲ၊ တတိယနှစ် စာမေးပွဲက အဦးဆုံးစစ်ရသည့် စာမေးပွဲ။ တတိယနှစ်မှာ ဆေးကျောင်းသား/သူတွေ ဆေးရုံမှာ လက်တွေ့သင်တန်းဆင်းရသည်။ ဆေးပညာဌာနမှာ ၆ လနီးပါး၊ ခွဲစိတ်ပညာဌာနမှာ ၆ လာနီးပါး။ ဆေးပညာဌာနမှာ posting ကျရင် ဌာနလက်အောက်ရှိ ဖျားနာဆောင်တွေမှာ ရောဂါရာဇ၀င် မေးမြန်းနည်း၊ လူနာရောဂါ လက္ခဏာ ရှာဖွေစမ်းသပ် ဖော်ထုတ်နည်းတွေ သင်ယူလေ့ကျင့်ရသည်။ လူနာကုတင်ဘေးမှာ။ လူနာနှင့်၊ ဆရာနှင့်။ (Bed-side Teaching) ဟု ခေါ်သည်။ Posting ပြီးခါနီးမှာ ကျောင်းသား/သူအားလုံး ဆရာ/ဆရာမတွေ၏ စမ်းသပ်အကဲဖြတ်ချက် ခံယူရသည်။ ရောဂါရာဇ၀င် မေးမြန်း တတ်ရဲ့လား။ ဒီကလေးတွေကို လေ့ကျင့်သင်ကြား ပေးခဲ့သူ ဆရာ/ ဆရာမ အားလုံးလိုလို ယင်းဆန်းစစ်မှုတွင် ပါဝင်ရသည်။ သို့မှာသာ မိမိတို့သင်ကြားမှု၊ တပည့်တို့ သင်ယူမှု၊ မည်မျှထိ ရောက်မှု ရှိ/ မရှိ သိရသည်။ အကောင်းဆုံး Feed-back ပင်။


ကျွန်တော်စစ်ရသည့် တတိယနှစ်ကျောင်းသူလေးက ကျွန်တော်တို့ နယ်ဘက်က ဖြစ်နေသည်။ စကတည်းက ယဉ်သကိုဆိုရမလို လူနာရောဂါ ရာဇ၀င်တင်ပြတော့ သူကလေးက လူနာဟာ `ဟက်ဒါချီ´ ရောဂါ ခံစားနေရသည်ဟု ပြောသည်။ ``ဟ- ဘာရောဂါကြီးလဲကွ´´လို့မေးတော့ ``ခေါင်းကိုက်ရောဂါလေ ဆရာကြီးရဲ့´´ဟု သူက မဆိုင်းမတွ တုံ့ပြန်သည်။ ဆရာက ဒါလေးတောင် မသိဘူးလားဆိုသည့် လေသံနှင့်။ သြော် သိပြီ၊ သိပြီ။ Headache `ဟက်အေ့(ခ)´ကို သူက ``ဟက်ဒါချီ´´လို့ အသံထွက်ပေသကိုး။ ဒါလည်း အံ့ဖွယ် သုတတစ်ပါးပေါ့။


လူနာရဲ့ အလုပ်အကိုင် အကြောင်းတင်ပြရာမှာ ရေလုပ်ငန်းလုပ်သတဲ့။ ``ရေလုပ်ငန်းဆိုတာ ဘာကို ဆိုလိုတာလဲ´´မေးတော့ ``ရေနံတူးတဲ့ လုပ်ငန်းပါ ဆရာ´´တဲ့။ ဒါနဲ့ ``သမီးရေ-ရေလုပ်ငန်းဆိုတာ ဆရာနားလည်တာကတော့ တံငါ ငါးဖမ်းလုပ်ငန်းကို ပြောတာပါကွဲ့´´ပြောတော့ ``ကျွန်မတို့ နယ်ဘက်မှာ တံငါလုပ်ငန်းလို့ပဲ ပေါင်းခေါ်လိုက်တာပဲဆရာ´´တဲ့။ ကျွန်တော်ကိုယ်တိုင် သူတို့ နယ်သား ဆိုသဟာ ဒီသူငယ်မ သိဟန်မတူ။ လူနာနှင့် လူနာရှင်ကို တိုက်ရိုက်မေးကြည့်တော့ မြစ်ထဲချောင်းထဲ ပိုက်ချစားတဲ့ တံငါသည်တွေပါတဲ့။ လူနာက ငါန်းဇွန်နယ်က။ စဥ့်ကူးဘက်လာပြီး တံငါလုပ်ရာက တကောင်းဘက်မှာ ၀ါးခုတ်လုပ်ငန်း အဆင်ပြေတယ်ကြားလို့ တကောင်းဘက်တက်ပြီး ၀ါးလိုက်ခုတ်တာ၊ ၀ါးခုတ်ရင်း တောထဲ တောင်ထဲ ငှက်ဖျားမိလာတာ။


ဒါနဲ့ တပည့်မကို တကောင်းဆိုတာ ဘယ်နားရှိသလဲ မေးကြည့်တော့ ``မသိဘူးဆရာ´´တဲ့။ မြန်မာစကားနဲ့ စာပေမှာ တကောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအဆိုအမိန့် ကြားဖူးသလဲ မေးကြည့်ပြန်တော့လည်း တကောင်းဆိုတဲ့ နာမည်ကိုပင်လျှင် မကြားဖူးပါတဲ့။ ဒါနဲ့ ကျွန်တော် စိတ်လျှော့လိုက်ရ သည်။ ငါ့တာဝန်က ဆေးပညာ ဘာသာရပ် စစ်ဆေးဖို့ပေကပဲ။ အ တဲ့လူတွေ သမိုင်းမသိတာ ငါနဲ့မဆိုင်လေ။


လူနာ ရောဂါရာဇ၀င်ပြီးတော့ အကြင်ကျောင်းသူ လူနာကိုင်တွယ် စမ်းသပ်ပြီး ရောဂါလက္ခဏာ ဖော်ထုတ်နိုင်စွမ်း ရှိ/မရှိ ဆက်စစ်ရသည်။ လူနာ ခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ရာမှာ နှလုံးသွေးကြောစနစ်၊ အသက်ရှုမှုစနစ်၊ အစာအိမ်/ အူလမ်းကြောင်းစနစ်၊ ဦးနှောက်/ အာရုံကြောစနစ် စသဖြင့် ခွဲထားရာ အစာအိမ်/ အူလမ်းကြောင်းစနစ်က နည်းနည်းလွယ်သမို့ ယင်းစနစ်ကို အနှီကျောင်းသူလေး ကျွမ်းကျွမ်းကျင်ကျင် စမ်းတတ် မစမ်းတတ် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ ``ကဲ ကဲ- ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်´´ ပြောလိုက်တော့ သူကလေးက ဇိုးဇိုးဇပ်ဇပ် ထစမ်းပြပါလေတော့သည်။ အင်းအင်း- မစိုးလှဘူးပေါ့ ထင်နေတုန်း ကလေးမက လူနာရဲ့ ညာဘက်နံအောက် စမ်းရမည့်အစား ဘယ်ဘက်နံကြားထဲ လက်ထည့် စမ်းနေတာ မြင်လိုက်ရတော့ ကျွန်တော် ဘာဆက်ပြောရမည်မသိ။

``

ဟဲ့ ဟဲ့- အဲ့ဒါ အသည်းနေရာ ဟုတ်ရဲ့လားကွယ့်´´ ထောက်လိုက်တော့ သူငယ်မက ဟက်ခနဲ ရယ်လိုက်ပြီး ``သမီးက အသည်းနဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ´´ တဲ့။ ``ဒါဖြင့်ရင် အသည်းက ဘယ်နားရှိသလဲကွယ့်´´ မေးပြန်တော့ ``ညာဘက်နံအောက်နား ထင်တာပဲဆရာ´´ တဲ့။ ထင်တုန်းပဲလား ငါ့တပည့်ရယ်။ ``ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘယ်လိုအောင်ခဲ့သတုံး´´။ ``ကျွန်မ ခန္ဓာဗေဒ ကျလို့ ပြန်ဖြေ ရတယ်ဆရာ´´တဲ့။ နန္ဒိယရော နန္ဒိယ အဖေပါ သေသင့်သည့်ပွဲ။ နှလုံးကရော ဘယ်နားရှိတာတုန်းလို့ ဆက်မေးမယ် ကြံပြီးခါမှ ကိုယ်ရှိန်သတ်လိုက်သည်။ တော်ကြာ နှလုံးက ချက်နားမှာ ရှိတယ် ဆိုလိုက်မှဖြင့်။ ဆရာကြီး တစ်ဦး၏ ဖြစ်ရပ်ကလည်း ကျွန်တော့်ကို ဆက်မမေးဖို့ သတိပေးနေလေသည်။ လွန်လေပြီးသော နှစ်ပေါင်း ၄၀ကျော်က ရောဂါဗေဒ ဆရာဝန်ကြီးတစ်ဦး ကြုံတွေ့လိုက်ရသည့်အဖြစ်။


ဆရာကြီး က စာသင်ရာမှာ သူအထင်ကြီးသော ကျောင်းသားတစ်ယောက်ကိုပဲ မဲပြီး စာမေးလေ့၊ စာသင်လေ့ ရှိသည်။ ဘုန်းကြီးတွေ တရားဟောရင် တရားထောက် ထားသလိုမျိုး။ ထိုနေ့က သူအထင်တကြီး ရွေးလိုက်သော ကျောင်းသားက စာတော်ကျောင်းသားစာရင်းမ၀င်။ ဆရာကြီးက အဆင့်မြင့်မြင့် မေးခွန်းတွေမေး၊ စာဆက်သင်။ ကျောင်းသားက ဘာတစ်ခွန်းမှ ပိုင်ပိုင်နိုင်နိုင်မဖြေတတ်။ မဖြေနိုင်။ ဒါနဲ့ ဆရာကြီး တစ်ဆင့်လျှော့ချလိုက်ပြီး မလွယ်မခက် မေးခွန်းတွေမေး၊ စာဆက်သင်။ ဒီမေးခွန်းတွေကိုလည်း အမောင်ကျောင်းသားက မဖြေနိုင်ပြန် ဆရာကြီး နည်းနည်း ဇဝေဇ၀ါ ဖြစ်လာပြီ။ ဒါနဲ့ စာသင်ခဏ ရပ်လိုက်ပြီး ``နေပါအုံး မောင်ကျောင်းသားရဲ့။ တစ်ခု စဉ်းစဉ်းစားစားဖြေစမ်းကွယ်။


နှလုံးမှာ အခန်း (Chamber) ဘယ်နှခန်း ပါသလဲကွယ့်´´ မေးလိုက်တော့ ကျောင်းသားက တွေခနဲ ခေတ္တ စဉ်းစားလိုက်သည်။ ပြီးမှ အောင်အောင်မြင်မြင် အသံဝါကြီး နှင့် ``သုံးခန်းပါ ဆရာကြီး´´တဲ့။ ဆရာကြီး မိမိကိုယ်ကို မလဲပြိုအောင် အနိုင်နိုင်ထိန်းပြီးခါမှ လေအေးကလေးနှင့် ပြောလိုက်သတဲ့။ ``တပည့်ရေ- ဆရာတောင်းပန်ပါတယ်။ ခုနက မေးခွန်းတွေကို ဆရာပြန်ရုတ်သိမ်း ပါတယ်။ တကယ်တော့ မင်းကိုမေးမိတာကိုက ငါ့အမှား ငါ့အမှား´´လို့ ပြောရှာသတဲ့။ ဒါကြောင့် ကျွန်တော် တစ်ကွက် ချန်ခဲ့တာ။ တော်ကြာ ကျွန်တော်လည်း ဆရာကြီးလို ``ငါ့အမှား ငါ့အမှား´´လို့ အော်နေရမှာ စိုးလို့။


နှလုံးသွေးကြောစနစ် စမ်းသပ်ဖို့ အပိုင်းရောက်တော့ ကျွန်တော်က ကလေးမကို လူနာ၏ လက်ကောက်ဝတ် သွေးကြော စမ်းခိုင်းသည်။ သူသွေးကြောစမ်းနေတာကို ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ကြည့်သည်။ ပြီးပြီဆိုကာမှ ``သမီးရေ- လူနာသွေးခုန်နှုန်း ဘယ်လောက်ရှိသလဲကွယ့်´´ မေးလိုက်သည်။ ``များတယ် ဆရာကြီး၊ တစ်မိနစ်ကို ၂၅ကြိမ်တောင် ခုန်နေတယ်´´တဲ့။ ``ဟ-နေပါအုံးဟ၊ လူတစ်ဦးရဲ့ ပုံမှန် သွေးခုန်နှုန်းက ဘယ်လောက်လဲကွယ်´´မေးတော့ ``၁၄ကြိမ်နဲ့ ၁၈ကြိမ်ကြားပါဆရာ´´တဲ့။ ဒီတစ်ခါ မိမိကိုယ်ကို မပြိုမလဲအောင် ထိန်းထားလိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။ ``ကဲ-ကဲ သမီးရေ၊ သမီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်း တစ်မိနစ်တိတိ စမ်းစမ်းကွယ်´´ ပြောတော့ သူကလေးက တစ်မိနစ်တိတိ အချိန်ယူပြီး စမ်းသပ်ပါလေသည်။ ``ကျွန်မသွေးခုန်နှုန်းကလည်း မြန်နေတယ်ဆရာ၊ ၂၂တောင်ရှိတယ်´´တဲ့။


မိမိဘေးဘီမှာ မိမိကို ကယ်မည့်သူ တစ်စုံတစ်ဦးရှိလိုရှိငြား စောင်းငဲ့ကြည့်လိုက်တော့ မိမိလိုပင် တပည့်တွေ နှိပ်စက် ညှဉ်းပန်းတာ ခံနေရသည့် ဘ၀တူဆရာတူဆရာတွေကိုပဲ တွေ့ရတော့ လူ့ကံ ၀ကံ လို့ပဲ သဘောထား လိုက်ရသည်။ ကြံရာမတဲ့ အဆုံး လူနာ၏ ခင်ပွန်း တောသားလေးကို ``မင်းလက်ကောက်ဝတ် သွေးခုန်နှုန်း စမ်းပြစမ်းကွယ်´´ ပြောပြီး တစ်မိနစ်တိတိ ဆရာတပည့် နှစ်ဦးသား ထိုင်စောင့် ကြသည်။ ကောင်လေးက ``ကျွန်တော့်သွေးခုန်နှုန်းက ၉၀ရှိတယ်ဆရာ´´တဲ့။ ကျွန်တော့်မှာ ဒီကလေးကိုပဲ ထပြီး ကျောသပ်ရတော့မလို။ ကိုယ့်တပည့်မကိုပဲ နားရင်းထအုပ်ရတော့မလို။ နောက်ဆုံး တော့လည်း ဒီကလေးမလေးကို လေ့ကျင့်သင်ကြားတဲ့ ဆရာတွေထဲ ငါလည်းပါနေတာပဲ ငါ့တာဝန်လည်းမကင်းဘူးဟု စိတ်ဖြေလိုက်ရသည်။ အားလုံးကို မြိုချလိုက်ပြီး စာမေးပွဲကို ပြီးအောင် ဆက်စစ်လိုက်သည်။ စိတ်ထဲတော့ တနုံ့နုံ့။


ဒီကလေးတွေ တတိယနှစ်အောင်ပြီး စတုတ္ထနှစ် တက်ရဦးမည်။ နောက်ဆုံးနှစ် အပိုင်း(က)။ ပြီးရင် နောက်ဆုံးနှစ် အပိုင်း(ခ)တန်း။ ဆေးကျောင်းနောက်ဆုံးနှစ်။ ဒီအတန်းမှာ ဆေးပညာ၊ ခွဲစိတ်ပညာ၊ သွားဖွား မီးယပ်ပညာ၊ ကလေးကျန်းမာ ပညာအဓိက လေးဘာသာသင်ရသည်။ ဌာနတစ်ခုတွင် သုံးလစီ တက်ရသည်။ ဒီအတန်းက ကျောင်းသူ/သားတွေကို လေ့ကျင့် သင်ကြားရာမှာလည်း ကျွန်တော်တို့ ပါဝင်ရတာပဲ။ တတိယနှစ်၊ စတုတ္ထနှစ်အတန်းတွေမှာ စာမကြေခဲ့သော တပည့်တွေ ဒီအတန်းမှာ ဒုက္ခရောက်ရပြန်သည်။ လူနာ ရောဂါ ရာဇ၀င် မမေးတတ်သေး။ လူနာရောဂါလက္ခဏာတွေကို မစမ်းသပ်တတ်၊ မဖော်ထုတ်တတ်သေး။ သူတို့ လေးတွေကို ကျွန်တော်တို့တစ်တွေ ဆက်လက်လေ့ကျင့်သင်ကြားရ၊ `မောင်း´ရပြန်သည်။ ရောဂါအစူအစဉ်၊ ကုထုံး၊ ဆေးချက် ရောဂါ၏ ရှေ့အလားအလာတွေပါ ဖြည့်ဆည်း သင်ကြားပေးရသည်။


ဒီကလေးတွေကို ဂရုပြုကြည့်လိုက်တော့ အသားက ညိုမှိုင်းမှိုင်း၊ မျက်လုံးက၀ိုင်းဝိုင်း၊ စာမေးလိုက်ရင် ခေါင်းကလေးတွေ ငုံ့ကာငုံ့ကာ၊ ရှက်သလို ရွံ့သလို၊ မျက်လုံးတွေကလည်း အရောင်အသွေး သိပ်တောက် တောက်ပပမရှိ။ သို့သော်လည်း ဆရာတွေအပေါ် ခံတန်တန် အမူအရာတော့ မရှိရှာ။ ဆရာနဲ့ တွေ့ရင် ခါးကလေး ကိုင်း၊ ကိုယ်ကလေးကို ညွှတ်ကာညွှတ်ကာ။ စာမေးလိုက်ရင် ပါးစပ်ကို တင်းတင်းစေ့ထားပြီး သွားကြားလေသံမျှ မထွက်အောင် ထိန်းသိမ်းစောင့်စည်း နိုင်ကြသူလေးတွေ။ တပည့်တစ်ဦးပြောတာ သတိရမိသေးတော့။ ``ကျွန်တော်စာသင်ရတဲ့ အုပ်စုထဲ ဖြူစပ်စပ်ကောင်မလေး တွေပါလာရင် စာသင်ရတာတော်တော် ကောင်းတယ်´´တဲ့။ ကျွန်တော့် ညိုမည်းမည်းအုပ်စုကတော့ စာမေးပွဲဖြေရင် တစ်ခါမအောင်၊ နှစ်ခါမအောင်နှင့် နောက်ဆုံး သုံးကြိမ်မြောက်မှ အကျွတ်အလွတ် ဆရာဝန်ဖြစ်ကြရသည်။ ကံကြီးလို့။ ကံကြီးအောင်လည်း ကျွန်တော်တို့ အားလုံးက ၀ိုင်းဝန်းရ ဖေးမရသေးသည်။


ဒီကလေးတွေ နောက်ဆုံးနှစ်အောင်ပြီးတော့ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်ဝင်လုပ်ရသည်။ တစ်နှစ်တိတိ သင်ကြားလေ့ကျင့်ပြီးခါမှ ဘွဲ့နှင်းသဘင် တက်ခွင့်ရသည်။ အလုပ်သင်ဆရာဝန် တစ်နှစ်တာ ကာလမှာ တစ်ချို့က ကြိုးစားပမ်းစား တတ်တတ်ကြွကြွ လုပ်ကြသည်။ အလွန်ကြိုးစားသူ မြော်မြင်သူတစ်စုက တော့ TOEFL တွေ IELTS တွေဖြေဖို့ ပြင်ဆင်ကြပြီး။ စကားပြောသင်တန်းတွေ တတ်ကြပြီ။ သြစတြေးလျ အမျိုးတွေဆီ လှမ်းချိတ်နေကြပြီ။ အင်တာနက်မှ တဆင့် လမ်းကြောင်းတွေ ရှာနေကြပြီ။ ကျွန်တော့် ညိုတိုတို အုပ်စုကတော့ နေမြဲ။ ရုံထဲက လူနာနှင့် ပတ်သက်လို့ စာမေးလိုက်ရင်လည်း ခေါင်းကလေး ငုံ့ထားမြဲ။ နှစ်ကိုယ် ကြား လေသံလေးနှင့် ပြောမြဲ။ သူတို့ တတ်သလောက် မှတ်သလောက် ကြိုးစားပြီး လုပ်ရှာတာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမလို။ ကျွန်တော်တို့ ခေတ်ပေတံနှင့် တိုင်းကြည့်လိုက်တော့ လူနာအပေါ် စိတ်ဝင်စားမှုက ပေမမီဟု ခံစားရသည်။ သိချင် တတ်ချင် စူးစမ်းချင်စိတ်ကလည်း လျော့ရဲရဲ အားမပါသလို။


မေလဆန်း နာဂစ်မုန်တိုင်း ဧရာဝတီ/ရန်ကုန်နှင့် ဒေသအချို့ကို ၀င်ဆောင့်တော့ မုန်တိုင်းနှင့်ဝေးရာ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခံလိုက်ရသည်။ ငါတို့ ဘယ်လိုကူရမလဲ။ ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော့်တပည့် ညိုတိုတိုတွေ လှုပ်ရှားကြတာ ကျွန်တော်တို့ ဆရာတွေကိုပင် ကျော်သွားသည်။ ပစ္စည်း/ငွေ အလှူကောက်ခံ ရာမှာ ဆေးအဖွဲ့နှင့် လိုက်ဖို့ စာရင်းပေးရာမှာ မြစ်ဝကျွန်းပေါ်မှာ တစ်ပတ် ဆယ်ရက် ပင်ပင်ပန်းပန်း လုပ်အားပေးပြီး ပြန်လာသော တပည့်လေးတွေ ကျွန်တော့်ကို လာတွေ့သည်။ သူတို့ မျက်နှာညိုညိုလေးတွေ ၀င်းလက်တောက်ပနေသည်။ သိမ်မွေ့သည့်အလင်းက ကျွန်တော်တို့ အပေါ်သို့ပင် ဖိတ်စဉ်လို့နေသည်။ လျှံကျလာသည့် ထိုအလင်းကို ကျွန်တော် သုတ်မပစ်ရက်။


ကျွန်တော့် တပည့်လေးတွေ အာရှအဆင့်မီ၊ နိုင်ငံတကာအဆင့်မီဆရာဝန်တွေ ဖြစ်လာမဖြစ်လာ ကျွန်တော် အာမမခံနိုင်။ သူတို့တော် မလား၊ ကျော်မလား၊ ကျွန်တော် ယတိပြတ် မပြောနိုင်။ သို့ပေတဲ့ ဒီကလေး တွေလိမ္မာရေးခြားရှိသော ဆရာဝန်ကောင်းတွေဖြစ်လိမ့်မည်။ အနစ်နာခံတတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ကိုယ်ကျိုးစွန့်တတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ရွှေဘိုဘက်မှလာသော မြန်မာစစ်စစ် မည်းမည်း သည်းသည်း ခပ်ကြမ်းကြမ်း တောင်သူ ဦးကြီးတွေ တွေ့ရတိုင်း ကျွန်တော်အားရှိသလို ခံစားရသည်။ ယခုလည်း မုန်တိုင်းခရီးပြန် တပည့်လေးတွေ မျက်နှာကို မြင်ရတော့ အလားတူ ခံစားမှုမျိုး မိမိကိုယ်မှာ ပြန်လည်နိုးထ လာတာ ကျွန်တော်သိသိမှတ်မှတ် ဖြစ်နေမိသည်။

ဒေါက်တာအောင်ကြီး

The author is the Professor and Head of the Department of Medicine from University of Medicine, Mandalay and also a well-known essayist in Myanmar.

Credit to educationinmyanmar.blogspot.com

Labels: Experiences

posted by A reader's choice & collection



ဆက်လက်ဖတ်ရှူရန်...

Posted by ငရဲမီး

14.7.09

ကမ္ဘာစီးပွားရေးအကျပ်အတည်းနှင့် လိပ်ပြာအကျိုးသက်ရောက်မှု


ယနေ့ ကမ္ဘာကြီးဟာ ကျယ်ပြောသော ပထ၀ီဒေသကြီးတခု ဖြစ်သလို ထွေပြားသော လူမှုစီးပွားရေး နယ်ပယ်ကြီး တခုလည်း ဖြစ်ပါတယ်။ ထို့အတူ ပြုပြင်ပြောင်းလဲနေမှုများ၊ ရင်ဆိုင်နေရသော ပြဿနာများ၊ ဖွံ့ဖြိုးရေးလှေကားထစ်များကို တက်ကြရာတွင်လည်း တချိန်တည်း၊ တပြိုင်တည်း မဟုတ်သလို၊ တပုံစံတည်းလည်း မဟုတ်ကြပါဘူး။ ထို့အတူ စဉ်စားအဖြေရှာမှု ပုံစံဟာလည်း အသွင်မတူနိုင်ကြပါဘူး။
ဒါပေမဲ့လည်း စဉ်စားအဖြေရှာမှုတွေမှာတော့ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်သစ် စီးပွားရေး အခြေအနေကို နားလည်သိရှိဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ခေတ်သစ်စီးပွားရေး ဖြစ်ပေါ်နေမှုနှင့် လက်ရှိစီးပွားရေး အကျပ်အတည်းများကို လေ့လာသုံးသပ်ရာမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်ကြတဲ့ ဂျပန်နဲ့ ဂျာမဏီ နိုင်ငံတွေရဲ့ အကြောင်းကို ယနေ့ တင်ပြသွားပါမယ်။
ဒီနိုင်ငံတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖော်ပြရင်း အမေရိကန်နိုင်ငံ အင်ဒီယားနား တက္ကသိုလ်ဘွဲ့ရ မြန်မာစီးပွားရေး ပညာရှင်လူငယ်များ တင်သွင်းခဲ့သော (World Economic Chaos and Butterfly Effect) စာတမ်းနဲ့ တချို့ စီးပွားရေးပညာရှင်များရဲ့ ဒဿနတွေကို စာဖတ်သူတို့အား ဝေမျှပေးချင်ပါတယ်။

ဂျပန် (သို့) အာရှကျား

ဂျပန်နိုင်ငံ လူစည်ကားရာ တိုကျိုမြို့မှာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် အိုးမဲ့အိမ်မဲ့ လူဦးရေအသစ် တိုးများလာနေသည်။ ကမ္ဘာမှာ စီးပွားရေးအားဖြင့် ဒုတိယ အင်အားအကြီးဆုံး နိုင်ငံဖြစ်သလို၊ နေထိုင်ဖို့ ဈေးကြီးပြီး၊ လူနေမှု အဆင့်အတန်း မြင့်မားတဲ့ တိုင်းပြည်တခုလည်း ဖြစ်ပါတယ်။ လောလောဆယ် ကြုံတွေ့နေရတဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်၏ အကျိုးဆက်ကြောင့် ရာပေါင်းများစွာသော အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့ သူတွေဟာ အလုပ်အကိုင်သစ်တွေရဖို့ တန်းစီစောင့်ဆိုင်းနေတာကို တိုကျိုမှာ တွေ့လာနေရပါတယ်။

ဆောက်လုပ်ရေး ယာယီအလုပ်သမားဘ၀ဖြင့် လုပ်ကိုင်ခဲ့တဲ့ အသက် ၆၁ နှစ် အရွယ်ရှိ ဂျပန် အမျိုးသားကြီးကတော့ ဒါဟာ သူ့အတွက် ပထမဦးဆုံးအကြိမ် အိုးမဲ့အိမ်မဲ့ အခြေအနေကို ရောက်ရှိခဲ့တာလို့ စီအန်အန် သတင်းဌာနကို ငိုယိုပြောဆိုနေတယ်။ ခရစ်စမတ်မတိုင်မှီ သူအလုပ်လုပ်ကိုင်တဲ့ ကုမ္ပဏီက ပိတ်လာတာကြောင့် သူဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး၊ မိသားစုတွေဆီမှာလည်း နေထိုင်လို့ မရတာကြောင့် အိုးမဲ့အိမ်မဲ့ ဘ၀ကို ရောက်ရှိသွားခဲ့တာလို့ ပြောဆိုတယ်။

ဂျပန်အစိုးရရဲ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းအရ တိုကျိုမြို့မှာ အောက်တိုဘာလမှ မတ်လအထိ ၈၅,၀၀၀ ယာယီအလုပ်သမားအဖြစ် လုပ်ကိုင်နေကြသူတွေဟာ အလုပ်လက်မဲ့ ဖြစ်ကြလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ဂျာမဏီ (သို့) ဥရောပ ကျား

ဂျာမဏီဟာ ကမ္ဘာမှာ ပထမ အများဆုံး ပြည်ပသို့ တင်ပို့ရောင်းချနေတဲ့ နိုင်ငံတခုဖြစ်တယ်။

၂၀၀၆ ခုနှစ် ဂျာမန် အလုပ်သမားရေးရာဌာနက ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ အလုပ်လုပ်နိုင်သူဦးရေ ၄၃ ဒဿမ ၆၆ သန်း ရှိပါတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့ကိန်းဂဏန်းအရ ဂျာမဏီနိုင်ငံရဲ့ ပြည်ပသို့ တင်ပို့ရောင်းချမှု (Export) ဟာ အမေရိကန်ဒေါ်လာ ၁၃၅၄ ဘီလီယံ (၁ ဒဿမ ၃၅၄ ထရီလီယံ) ရှိခဲ့ပြီး၊ ကမ္ဘာမှာ ပထမ အကြီးမားဆုံး ပြည်ပသို့ တင်ပို့ရောင်းချနေတဲ့ နိုင်ငံတခုဖြစ်တယ်။

ဂျာမန်အစိုးရရဲ့ ထုတ်ပြန်ကြေညာတဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ ပြည်ပသို့ တင်ပို့ရောင်းချမှုဟာ ရာစုနှစ် ၂ စုအတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့တယ်။ ဒါဟာ ၁၉၉၀ ခုနှစ် အောက်တိုဘာလက စတင်ရင် ပထမဦးဆုံး အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားတာဖြစ်ပြီး၊ ပြည်ပသို့ တင်ပို့နေမှု တနှစ်အတွင်း ၁၀ ဒဿမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလမှာ ဂျာမဏီရဲ့ ထုတ်ကုန်ဟာ ၁၂ ရာခိုင်နှုန်းနှင့် သွင်းကုန်ကတော့ ၅ ဒဿမ ၆ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း ဖော်ပြထားတယ်။

လောလောဆယ် ဂျာမဏီနိုင်ငံမှာ ကုမ္ပဏီ တော်တော်များများဟာ ကုန်ထုတ်လုပ်မှုတွေ လျှော့ချနေပြီး၊ အလုပ်အကိုင်တွေကိုလည်း လျှော့ချနေတာတွေ့ရတယ်။ ဂျာမဏီနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်

အမေရိကန် စီးပွားရေးပညာရှင်နဲ့ ပြည်ထောင်စု ဗဟိုဘဏ် အကြီးအကဲဟောင်း အယ်လန် ဂရင်းစပင်းက ကမ္ဘာ့စီးပွားရေးကို နှိုင်းယှဉ်သုံးသပ်ပြောဆိုခဲ့ရာမှာ အမေရိကန်ရဲ့ စီးပွားရေးဟာ လှည်းတစီးရဲ့ ၀န်းရိုးတခုဖြစ်ပြီး၊ ကျန်တဲ့ ကမ္ဘာရှိ အခြားနိုင်ငံတွေရဲ့ စီးပွားရေးကို လှည်းရဲ့ ဒေါက်တိုင်များအဖြစ် တင်စားသုံးနှုန်းခဲ့ဖူးပါတယ်။ ဆိုလိုတာက အမေရိကန်ရဲ့ စီးပွားရေးဟာ တခြားနိုင်ငံတွေကို သက်ရောက်နိုင်စေတယ်ဆိုတဲ့ အချက်ပါ။

အမေရိကန်မှာ အစိုးရက အမေရိကန် ၀ါဂွမ်းစိုက်ပျိုးတဲ့ လယ်သမားတွေကို ငွေကြေးထောက်ပံ့မှုပေးလိုက်ရင် အာဖရိက က နိုင်ငံငယ်တွေဖြစ်တဲ့ ၀ါဂွမ်းစိုက်ပျိုးသူတွေကို ဒုက္ခရောက်စေနိုင်ပါတယ်။ အမေရိကန် လယ်သမားတွေဟာ ၀ါဂွမ်းတွေ ပိုမိုထုတ်လုပ်ပြီး၊ ကမ္ဘာ့ဈေးကွက်မှာ ဈေးနှုန်းချိုသာစွာဖြင့် တင်ပို့ရောင်းချ နိုင်ကြတယ်။ အစိုးရထောက်ပံ့မှု မရှိ၊ နည်းပညာလည်း မရှိ၊ လူကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်နေတဲ့ အာဖရိနိုင်ငံများရှိ ၀ါထုတ်လုပ်နေကြတဲ့ အာဖရိကန် လယ်သမားတွေအတွက်တော့ အတော်ကို ဒုက္ခရောက်ကြပါလိမ့်မယ်။ ထုတ်လုပ်မှုက သိပ်မရှိ၊ ဈေးနှုန်းကလည်း ကမ္ဘာ့ဈေးကွက်မှာ ကျဆင်းလာမှာမို့ သူတို့ကို အများကြီး သက်ရောက်လာစေနိုင်တဲ့ အချက်ဆိုတာပါပဲ။

တချို့ စီးပွားရေး ပညာရှင်တွေကတော့ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဟာ တခြားနိုင်ငံတွေကို သက်ရောက်စေနိုင်ကြောင်း ဒိုမီနီ သီအိုရီနဲ့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့တယ်။ ဥပမာ- ၁၉၉၇ ခုနှစ် ဇူလိုင်လမှာ ထိုင်းနိုင်ငံက သူတို့ရဲ့ ဘတ်ငွေကို လျှော့ချခဲ့တယ်။ ဒီလျှော့ချခဲ့မှုကြောင့် ပြည်တွင်း အရင်းအနှီးအများစုဟာ အိမ်ယာမြေဈေးကွက်တွေမှာ နစ်နေခဲ့တယ်။ အဲဒီနောက် စတော့ အစုရှယ်ရာ ဈေးကွက်တွေ ကျဆင်းခဲ့တယ်။ ထိုင်းနိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ ငွေကြေးဆိုင်ရာ အကျပ်အတည်းဟာ ထိုင်းနိုင်ငံမှာ ရပ်မနေဘဲ အိမ်နီးချင်း အာရှနိုင်ငံတွေ အပါအ၀င် တကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့တယ်။ ၁၉၉၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အာရှစီးပွားရေး အကျပ်အတည်း ပြဿနာဟာ ဒီနေ့ အမေရိကန်မှာ ရင်ဆိုင်နေရတဲ့ စီးပွားရေးပျက်ကပ်ကြီးနဲ့ အလားသဏ္ဍာန် တူပါတယ်။

ဒိုမီနို သီအိုရီ

၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ၀ရုန်းသုန်းကား ဖြစ်ပေါ်ခြင်း၊ ပရမ်းပတာဖြစ်ခြင်း (Economic Chaos) ဟာ လှည်းဝန်ရိုး ကျိုးသွားတာမို့ ၁၉၉၇ ခုနှစ်မှာ ခံစားရမှာထက် ကြီးတာကတော့ ဧကန် မလွဲပါဘူးလို့ ဆိုတယ်။

၁၉၉၇ ခုနှစ် အာရှ ငွေကြေးဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ အကျပ်အတည်းဖြစ်ပြီးနောက် ဒီလိုစိမ်ခေါ်ချက်မျိုးတွေ ထပ်မံဖြစ်နိုင်၊ မဖြစ်နိုင် နိုင်ငံတကာ စီးပွားရေးပညာရှင်တွေက မှန်းဆကြည့်ကြတယ်။ နာမည်ကျော် ဘောဂဗေဒ ပညာရှင် ပေါလ်ခရူမန်က နောက် ၁၀ နှစ်အတွင်း တကြိမ် ကြုံနိုင်စရာ ရှိသေးတယ်လို့ ၂၀၀၀ ခုနှစ်မှာ ဟောကိန်းထုတ်ခဲ့တယ်။ ဂျပန်စီးပွားရေးပညာရှင် အီဆူကီး ဆာကာတီဘရာကလည်း ကမ္ဘာ့စီးပွားရေးဟာ ဗဟိုရွှေ့ပြောင်းမှုကြီး ဖြစ်နေပြီး၊ ထိုရွှေ့ပြောင်းမှုဟာ ယခင်ကလို နိုင်ငံကြီးတနိုင်ငံမှ အခြားနိုင်ငံတခုသို့ ရွှေ့ပြောင်းမှုမျိုး မဟုတ်။ မြေကမ္ဘာပေါ်မှ မိုးပေါ်ဆိုက်ဘာစပေ့သို့ ရွှေ့ပြောင်းမှုကြီးဖြစ်တယ်။

ပြောင်းလဲမှုဟာ လျင်မြန်လွန်းမှာဖြစ်လို့ နည်းပညာ (Technology) မကိုင်နိုင်လျှင် ရှော့ခ် (Shock) ဒဏ်ဟာ မခံမရပ်နိုင်လောက်အောင်ကို ဖြစ်သွားမယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ သူတို့အဆိုအရ အစိုးရတွေဟာ ပြင်ဆင်မှု မရှိဘူး၊ နည်းပညာကို အသုံးမချဘူးဆိုရင် နောင်ဖြစ်ပေါ်လာမယ့် စီးပွားရေး အကျပ်အတည်းဟာ ၁၉၉၇ ခုနှစ်ထက် အဆပေါင်းများစွာ ပိုမိုခံစားရလိမ့်မယ်လို့ ဆိုတယ်။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ၊ ဆင်းရဲတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေး ဆူနာမီ လှိုင်းတံပိုးအောက်မှာ သားကောင်တွေ ဖြစ်ကြလိမ့်မယ် ဆိုတာပါပဲ။

လွန်ခဲ့တဲ့ ၁၀ နှစ်က သူတို့ရဲ့ ဟောကိန်းဟာ မှန်ကန်နေကြောင်း ဒီနေ့ ပြသနေတယ်။ တချို့ စီးပွားရေး ပညာရှင်တွေကတော့ အစိုးရတွေ၊ ဥပဒေပြုအမတ်တွေ၊ နိုင်ငံရေးသမားတွေဟာ ကြိုတင်သိရက်နဲ့ ဘာမှ ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေ မလုပ်တဲ့အတွက် အစိုးရတွေရဲ့ တာဝန်မဲ့ လုပ်ရပ်လို့ စွပ်စွဲပြောဆိုခဲ့ကြတယ်။

မနေ့က အင်ဒီယားနားတက္ကသိုလ် (Indiana University) မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးအကြောင်း ဆွေးနွေးသုံးသပ်ကြတဲ့ စီးပွားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ အမေရိကန်မှာ နေထိုင်နေကြတဲ့ စီးပွားရေး လေ့လာသုံးသပ်နေသူ မြန်မာပညာရှင်များလည်း တက်ရောက်ခဲ့ကြတယ်။ မြန်မာ စီးပွားရေးပညာရှင်များက (Butterfly Effect on World Economic Chaos) စီးပွားရေးဆိုင်ရာ စာတမ်းတစောင် တင်သွင်းခဲ့တယ်။

ဒီနှီးနှောဖလှယ်ပွဲမှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးအကြောင်းနဲ့ ပက်သက်ပြီး၊ မြန်မာစီးပွားရေး ပညာရှင်များက အက်ဒ၀ပ်လိုရင့်ဇ် (Edward Lorenz) ရဲ့ လိပ်ပြာအကျိုးသက်ရောက်မှု (Butterfly Effect) ကို နှိုင်းယှဉ်ပြီး တင်ပြဆွေးနွေးသွားတာ ကြားခဲ့ရတယ်။

လိပ်ပြာ အကျိုးသက်ရောက်မှုဆိုတာ ဘာလဲ။

အတိုချုပ် ရှင်းပြရရင်တော့ ကမ္ဘာ့ရေစီးကြောင်း ပြောင်းလဲမှုဟာ ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲသွားစေသလို၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာနေမှုဟာ ကမ္ဘာ့ရေစီးကြောင်းကို ပြောင်းလဲလာစေနိုင်တဲ့ အချက်ဆိုတာ ကိုနှိုင်းယှဉ် အသုံးချဖော်ပြသွားတာပါ။ ဒီ လိပ်ပြာ အကျိုးသက်ရောက်မှုဟာ ပရမ်းပတာဖြစ်ခြင်း သီအိုရီ (Chaos Theory) ကို သုံးသပ်လေ့လာရာက တွေ့ရှိခဲ့တဲ့ ရှာဖွေတွေ့ရှိချက်တခုပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ရာသီဥတု ဆိုးရွားမှု ဖြစ်ပေါ်လာမှုအပေါ် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် သက်ရောက်မှု အခြေအနေတွေကို လေ့လာသုံးသပ်ထားခြင်း ဖြစ်ပါတယ်။

လိပ်ပြာ အကျိုးသက်ရောက်မှု ပက်သက်ပြီး၊ မြန်မာပြည် အားမာန်သစ်စာပေ စာအုပ်တိုက်က ထုတ်ဝေတဲ့ သောင်းထိုက် (အငြိမ်းစားဗိုလ်မှူးကြီး) ဘာသာပြန် ရေးသားထားသော အမှန်တရား မြတ်နိုးခြင်း စာအုပ်မှာ အကျယ်တ၀င့် ရှင်းပြထားဖူးတယ်။ ဒီ သီအိုရီကို စီးပွားရေးနယ်ပယ်မှာလည်း ပြောဆိုသုံးစွဲလာနေကြပါပြီ။ ဒိုမီနို သီအိုရီ လိုပါပဲ။ နိုင်ငံတနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ အခြားနိုင်ငံတွေကို သက်ရောက်စေနိုင်တယ် ဆိုတဲ့ အချက်ပါပဲ။

လိပ်ပြာ အကျိုးသက်ရောက်မှု သီအိုရီ

ဦးသောင်းထိုက်က အခုလို ဘာသာပြန်ပေးခဲ့ပါတယ်။ အက်ဒ၀ပ်လိုရင့်ဇ် (Edward Lorenz) ဟာ မန်ဆာချူးဆတ် စက်မှုတက္ကသိုလ် (MIT) မှ ရာသီဥတုနှင့် ဇလဗေဒ ပညာရှင်တဦးပါ။ သူဟာ လေတိုက်သည့် ပုံစံ အနည်းငယ် ပြောင်းရုံနှင့် ရာသီဥတုကို မည်သို့ ထိခိုက်လွှမ်းမိုးနိုင်သည်ကို သိလိုနေခဲ့တော့ စူးစမ်းမှုတွေ လုပ်နေခဲ့ပါတယ်။ ဒါကြောင့် (၁၉၆၀ ခုနှစ်များတွင်) လိုရင့်ဇ်ဟာ လေပုံစံ အနည်းငယ် ပြောင်းရုံနှင့် ရာသီဥတု မည်သို့ဖြစ်လာနိုင်သည်ကို သူ့ကွန်ပြူတာ အဖြေထုတ်ရန် စီစဉ်ခဲ့ပြီး သူ့ဓာတ်ခွဲခန်းမှ အပြင်ထွက်၍ ကော်ဖီသောက် အပန်းဖြေခဲ့လေသည်။

အက်ဒ၀ပ်လိုရင့်ဇ် ( Edward Lorenz)

သူ့ဓာတ်ခွဲခန်းသို့ ပြန်ရောက်သည့်အခါ ကွန်ပြူတာကြီးက ထုတ်ပေးသည့် ပုံကိုကြည့်၍ လိုရင့်ဇ်သည် အထူးအံသြနေ၏။ လေတိုက်သည့်ပုံစံ အနည်းငယ်ပြောင်းသွားရုံနှင့် ကမ္ဘာ့ရာသီဥတု အကြီးအကျယ် ပြောင်းလဲသွားစေသည်ဟု ကွန်ပြူတာက အဖြေထုတ်ပေးလေသည်။ လိုရင့်ဇ် ပြောတာကတော့ ဒီလိုပါ၊ ဘရာဇီးလ် (တောင်အမေရိက) နိုင်ငံက လိပ်ပြာတကောင် အတောင်တဖျတ်ဖျတ် ခတ်ရုံနဲ့ အမေရိကန် တက်ဆတ်ပြည်နယ်မှာ လေပြင်းမုန်တိုင်းကြီး ကျရောက်နိုင်ပါသည်။ လိပ်ပြာ အတောင်ခတ်၍ ဖြစ်ပေါ်လာသည့် လေလှိုင်းများသည် မိုင်ပေါင်းထောင်ချီ ပြေးသွား၍ လမ်းတလျှောက်လုံး အခြားလေလှိုင်းများကို ထိခိုက်သွားကာ နောက်ဆုံး ရာသီဥတု တခုလုံးကို ပြောင်းလဲသွားစေမည်ဟူသော သဘောဖြစ်လေသည်။

လိုရင့်ဇ်က လိပ်ပြာအတောင်ခတ်သည်ကို ပမာနှိုင်းပြောဆိုခဲ့သည်ကို အစွဲပြု၍ ယင်း အကျိုးသက်ရောက်မှုကို လိပ်ပြာ အကျိုးသက်ရောက်မှုဟု ခေါ်တွင်လာကြသည်။

ဟုတ်ပါတယ်။ မြောက်အမေရိက က လိပ်ပြာတကောင် အတောင်တဖျတ်ဖျတ် ရိုက်ခတ်လိုက်မှုကြောင့် အင်အားကြီးမားတဲ့ ဆူနာမီလှိုင်းလုံးကြီးဟာ ဘာလင်တံတိုင်း၊ မဟာတံတိုင်းနဲ့ ဂျပန်ကျွန်း ကမ်းခြေတွေဆီ တဘုန်းဘုန်း ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားနေပါပြီ။ ။

မြတ်စိုး

မှတ်ချက် ။

ChaosTheory နဲ့ Butterfly Effect အကြောင်းကို လေးဖြူရဲ့BOBအယ်ဘမ်မှာတေးရေးမောင်မောင်ဇော်လတ်က ကစဥ့်ကလျားသီအိုရီသီချင်းမှာထည့်သွင်းဖွဲ့စပ်ခဲ့ပါတယ်။ အကျယ်သိလိုကမုံရွေးစာအုပ်တိုက်ထုတ်ဒေါက်တာဘိုးလှိုင် ရေး chaos ခေးအော့ စာအုပ်မှာဖတ်ရှုနိုင်ပါတယ်။ Butterfly Effect ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလည်းရှိပါတယ်။

ဆက်လက်ဖတ်ရှူရန်...

Posted by ငရဲမီး

မေ့သွားမှာ စိုးလို့  မှတ်ထားတဲ့ link လေးတွေ...

image တွေ host တင်ဖို့..........
gift file လေးတွေ...

ဒီကမ္ဘာပေါ် မှာ သင်ဘယ်လောက်နေပြီးသွားပြီ ဆိုတာကိုသိချင်လား။။
http://www.geocities.com/devpragad/agecalc.htm

ရောမ ရောက်တော့ ရောမလိုကျင့်ပေါ့ စလုံး ရောက်တော့ စလုံးလို သိဖို့လိုပရင် ဒီမှာ The Coxford Singlish Dictionary link..
http://www.talkingcock.com/html/lexec.php?op=LexView&lexicon=lexicon&alpha=B&page=1


html...........http://oreilly.com/catalog/9780596002237/toc.html


အီးဘုတ်တွေ အီးဘုတ်တွေ http://b213.net/

သတိပေးတားမြစ်ခြင်း......

ငါးများအားအစားကျွေးရာတွင် အလွန်အကျွံမကျွေးမိစေရန် သတိပေးတားမြစ်အပ်ပါသည်.....အလွန်အကျွံအစာများကျွေးပါက ငါးများ၏ ကြီးထွားနှုန်းမြင့်မားလာ၍ ဘလော့ခ် ၌နေရာအခက်အခဲများပေါ်ပေါက်နိုင်သောကြောင့်ဖြစ်သည်၊

ပုံ၊ ငရဲမီး (ဘာညာသာလကာ)